# ကွန်ဟိန်းလွှတ်တော်ကိုယ်စားလှယ်က တစ်ဆင့်ခံကိုယ်စားလှယ်ခန့်အပ်မှုအပေါ် ဥပဒေနှင့...
Canonical: https://social-archive.org/hka/RBZbb4W3iC
Original URL: https://www.facebook.com/MeKongNewsMM/posts/pfbid02eUvCX7WYpL1GjchDAzKAju1w1nyD82vjpfZRDH9Yjq4PQUMMzezkDMKYWTcAzbLsl
Author: MeKong News - မဲခေါင်သတင်း
Platform: facebook
## Content
ကွန်ဟိန်းလွှတ်တော်ကိုယ်စားလှယ်က တစ်ဆင့်ခံကိုယ်စားလှယ်ခန့်အပ်မှုအပေါ် ဥပဒေနှင့်မညီဟု ဝေဖန် မဲခေါင်၊ ဧပြီ ၇ ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ၎င်း၏ကိုယ်စား တစ်ဆင့်ခံကိုယ်စားလှယ် ထပ်မံခန့်ထားခြင်းမှာ ရွေးကောက်ပွဲဥပဒေနှင့် မညီသည့်အပြင် လုပ်ပိုင်ခွင့် လွဲမှားနေကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူအချို့က ဝေဖန်ထောက်ပြနေကြသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် စိုင်းကျော်လှက ကွန်ဟိန်းမြို့နေ စိုင်းညွန့်ဝင်း (ခ) စိုင်းညိုကို ၎င်း၏ကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ထပ်ဆင့်ခန့်အပ်လိုက်ကြောင်း စာထွက်ပေါ်လာသည့်အပေါ် ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ "လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သူ့မဲဆန္ဒနယ်ရဲ့ လုပ်ပိုင်ခွင့် (Mandate) ရထားတာ။ ပြည်သူ့အသံကို ကိုယ်တိုင်နားထောင်ပြီး လွှတ်တော်မှာ တင်ပြရမှာပါ။ ကိုယ်တိုင်မဆောင်ရွက်ဘဲ တပည့်လက်သားလွှတ်ပြီး ငါ့အစားလုပ်ပေးပါဆိုတာမျိုးက ဌာနဆိုင်ရာတွေကြားမှာလည်း အလေးထားမှု လျော့နည်းသွားနိုင်ပါတယ်။ ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ဆိုတာ ရွေးကောက်ပွဲကာလမှာပဲ ရွေးကောက်ပွဲနည်းဥပဒေအရ အကျုံးဝင်တာပါ" ဟု ဝေဖန်သူတစ်ဦးက ပြောသည်။ နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း လွှတ်တော်ကိုယ်စားလှယ်များသည် လူထုနှင့် တိုက်ရိုက်ထိတွေ့ရမည့်အစား ယခုကဲ့သို့ လုပ်ထုံးလုပ်နည်းနှင့် မညီသည့် တစ်ဆင့်ခံကိုယ်စားလှယ် ခန့်အပ်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဥပဒေတွင် မပါရှိပါက မလုပ်ဆောင်သင့်ကြောင်း ထောက်ပြထားသည်။ ယင်းအပြင် ရှမ်းနိုင်ငံရေးသမားတစ်ဦးကလည်း "ဒါက ရေရှည်မှာ အန္တရာယ်ရှိနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရုံး ဝန်ထမ်းအဖြစ် တရားဝင်ထားရင် ပိုအဆင်ပြေမယ်။ အခုလို တစ်ဆင့်ခံကိုယ်စားလှယ်ထားတာက ဌာနဆိုင်ရာတွေ၊ ပြည်သူတွေနဲ့ ကိုယ်စားလှယ်ကြားမှာ လုပ်ပိုင်ခွင့် ပဋိပက္ခ (Power Conflict) တွေ ဖြစ်လာနိုင်ပြီး ကိုယ်စားလှယ်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်ပါတယ်" ဟု အကြံပြုထားသည်။ ယခုကဲ့သို့ တစ်ဆင့်ခံကိုယ်စားလှယ် ခန့်အပ်ခဲ့သည့် ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်လှမှာ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဖြစ်ကြောင်း သိရသည်။ #MeKongNews #ကွန်ဟိန်း #ပြည်သူ့လွှတ်တော် #စိုင်းကျော်လှ #စိုင်းညွန့်ဝင်း
